ဝိပဿနာ အားထုတ်နေကြသော ဓမ္မမိတ်ဆွေများ "မဂ်"ကျပုံကို သိရှိရန် ရည်သန်၍ မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူထားသော "နိဗ္ဗာန်အာရုံ သို့ကူးသွားပုံကို" မူယင်း အတိုင်း ဖော်ပြလိုက်ပါသည်။ (မဟာစည်ဆရာတော်ဘုရား၏ ဝိပဿနာရှုနည်းကျမ်း ဒုတိယတွဲ အခဏ်း (၅)၊ စာမျက်နှာ (၄၂) မှ ကောက်နုတ်ပါသည်။)" (ခန္ဓာ-၅ပါးတစ်ဦး)
ဤသို့ တက်လိုက် ကျလိုက်နဲ့ ဖြစ်နေသော ဝိပဿနာဥာဏ်သည် ပင်လယ်ကူး သင်္ဘောမှ လွှတ်လိုက်သော ငှက်နှင့်တူ၏။ တူပုံကား ရှေးခေတ်ကာလက ပင်လယ် ခရီးသည်တို့သည် ကမ်းစကျွန်း နီးရာအရပ်ကို မမှန်းဆ နိုင်သောအခါ၌ အသင့်ယူဆောင်ခဲ့သော ကျီးငှက်ကို လွှတ်လိုက်၍ စူးစမ်းကြသတဲ့။ ထိုငှက်သည် သင်္ဘောမှ ပျံသွား၍ အရပ်လေးမျက်နှာ၌ ကမ်းစကို ရှာသတဲ့။ ကမ်းကို မတွေ့ရ သေးလျင် သင်္ဘောသို့သာ ပြန်၍၊ ပြန်၍ နားရသတဲ့။ နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် မဂ်ဥာဏ် ဖြစ်လောက်အောင် ဥာဏ်အား မပြည့်သေး၍ တဖန် ကျဲ၊ ကျဲ သွားခြင်းသည် ကမ်းစပ်ကို မတွေ့ရသော ထိုငှက်၏ သင်္ဘောကို ပြန်၊ ပြန် ကပ်နားခြင်းနှင့် တူ၏။
ကမ်းအရပ်ကို မြင်လျင်ကား ထိုငှက်သည် သင်္ဘောဆီသို့ မပြန်လာတော့ဘဲ ထိုကမ်းဆီ သို့သာလျင် တဟုန်တည်း ပျံသွားသတဲ့။
ဤအတူပင် ဤမှတ်သိမှု ဝိပဿနာ ဥာဏ်သည်လည်း ဣန္ဒြေငါးပါး ရင့်သန်သောခဏ၌ အမှတ် အထူးကောင်းနေစဉ် အတွင်းမှာပင် တစ်ကြိမ်ထက် တစ်ကြိမ် သာ၍ သွက်လက် ရှင်းလင်းစွာ အနည်းဆုံး သုံးလေးခါမျှ သိမြင်ပြီးလျင် ထိမှု၊ သိမှု၊ ကြားမှု၊ မြင်မှု၊ စားမှု၊ နံမှု စသော ဤသင်္ခါရ (၆) မျိုးတို့တွင် (တွေ့ကြုံ လွယ်ရာကို ရှေးထား၍ စဉ်သည်) ထိုခဏ၌ ထင်ရှား ဖြစ်ပျက်သော သင်္ခါရ တစ်မျိုးမျိုးကို မှတ်သိပြီး သည်နှင့် တစ်ပြိုင်နက် မှတ်တဲ့ အာရုံနှင့် မှတ်သိမှု ဟူသော သင်္ခါရ အလုံးစုံ ကင်းပြတ် ချုပ်ငြိမ်းသော နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်လျက် မဂ်ဖိုလ် အဆင့်သို့ သာလျှင် ဆိုက်ရောက်သွား လေတော့၏။
ဤသို့ ဆိုက်ရောက် သွားသော သူအား ဆိုက်ရောက် ခါနီးတွင် ရှေးအဖို့က တစ်ကြိမ်ထက် တစ်ကြိမ် သွက်လက် ကောင်းမွန်သော မှတ်ချက်များလည်း ကောင်းစွာ ထင်ရှားပေ၏။ နောက်ဆုံး မှတ်ချက်၏ အခြားမဲ့၌ သင်္ခါရအာရုံ အလုံးစုံကို စွန့်လွှတ်ပြီးလျင် သင်္ခါရကင်းပြတ် ချုပ်ငြိမ်းသော နိဗ္ဗာန် အာရုံသို့ ကူးပြောင်း သွားပုံလဲ ကောင်းစွာထင်ရှား၏။ ထို့ကြောင့်ပင်လျှင် ထိုသို့ရောက်ပြီးသော သူတို့သည် ဤသို့ ပြောပြတတ်ကုန်၏။
“အာရုံနဲ့ အမှတ်တွေ အကုန်လုံးတိကနဲ ပြတ်ပြီး ရပ်စဲသွားသည်" ဟူ၍လည်းကောင်း၊
"အာရုံနဲ့ အမှတ်တွေ အကုန်လုံး ပြုတ်ကျသွားသည်” ဟူ၍ လည်းကောင်း၊
“ဆွဲကိုင်ထားရာမှ လွတ်ကျ သွားသလိုပင် သင်္ခါရုပေက္ခာဉာဏ် အာရုံနှင့် အမှတ်တွေမှ ကျွတ်လွတ်သွားသည်” ဟူ၍လည်းကောင်း၊
“အာရုံနဲ့ အမှတ်တွေ ချုပ်ပြတ်သွားပုံက မီးတောက်ကလေး ငြိမ်းသွားသလိုပင် သိပ်လျင်မြန်တာပဲ” ဟူ၍လည်းကောင်း၊
“အမှောင်ထဲမှ အလင်းထဲသို့ ရုတ်တရက် ရောက်သွားသလိုပင် အာရုံနှင့် အမှတ်တွေမှ လွတ်သွားသည်” ဟူ၍လည်းကောင်း၊
"အရှုပ်ထဲမှ အရှင်းထဲ သို့ ဖြုတ်ကနဲ ရောက်သွားသလိုပင် အာရုံနှင့် အမှတ်တွေမှ လွတ်ထွက်သွားသည်” ဟူ၍လည်းကောင်း၊
“ရေထဲမှာ မြုပ်သွားသလိုပင် အာရုံရော၊ မှတ်စိတ်ရော မြုပ်သွားသည်” ဟူ၍လည်းကောင်း၊
“ပြေးလာသော သူကို ဆီး၍ တွန်းလိုက်သလိုပင် အာရုံနှင့် အမှတ် ရပ်တန့် သွားသည်” ဟူ၍လည်းကောင်း၊
“အာရုံရော၊ မှတ်စိတ်ရော ပျောက်သွားသည်” ဟူ၍ လည်းကောင်း၊
ဤသို့ စသည်ဖြင့် ပြောပြတတ်ကြပေသည်။
သင်္ခါရ ချုပ်ငြိမ်းတဲ့ သဘောကို မျက်မှောက် တွေ့ရသော ထိုအချိန် ကာလ သည်လည်း မကြာမြင့် လှချေ။ တစ်ကြိမ် တည်းသော မှတ်သိမှု၏ ကာလကဲ့သို့ တစ်ခဏ ကလေးမျှ သာတည်း။ ထို့နောင် ထိုသို့ ဖြစ်ပုံကို ပြန်၍ ဆင်ခြင်မိ၏။ အာရုံနှင့် အမှတ်တွေ ချုပ်ကင်းလျက် ငြိမ်းသွားတာဟာ တရားထူးပဲ ဟူ၍ ဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန်ပဲ ဟူ၍ဖြစ်စေ၊ ဆင်ခြင်မိ၏။ အချို့သော သုတရှိသူ သည်ကား သင်္ခါရ ချုပ်ကင်းလျက် ငြိမ်းတဲ့ သဘောက နိဗ္ဗာန်ပဲ၊ ငြိမ်းရာသို့ ဆိုက်ရောက်လျက် မျက်မှောက် သိတာက မဂ်ဖိုလ်ပဲ၊ ငါသည် နိဗ္ဗာန်ကို မျက်မှောက်တွေ့ရပြီ၊ သောတပတ္တိမဂ်ဖိုလ် ရပြီ ဟု ဆင်ခြင်မိ၏။
ဤသို့သော ဆင်ခြင်မှုမှာ သင်္ခါရ ချုပ်ငြိမ်းမှုသို့ ဆိုက်ရောက်ပုံကို နာကြား မှတ်သားဖူးသော သူအား ကျန ပြည့်စုံစွာ ဖြစ်တတ်၏။ ထို့ပြင် ပယ်ပြီး ကင်းပြီးသော ကိလေသာ၊ မပယ်ရသေး မကင်းသေးသော ကိလေသာတို့ ကိုလည်း အချို့ ပုဂ္ဂိုလ်တို့သည် ဆင်ခြင် တတ်သေး၏။ ဆင်ခြင်ပြီးလျှင် ဖြစ်ဆဲ ကိုယ်စိတ် အမူအရာများကို မှတ်မြဲပင် မှတ်ပြန်၏။ ထိုအခါ၌ ရုပ်နာမ် အဖြစ်အပျက် များသည် ခပ်ကြမ်းကြမ်း ဖြစ်လျက် ထင်ပေါ်၏။ အစနှင့်အဆုံး အဖြစ်နှင့် အပျက် နှစ်ပါးလုံးပင် ပီပီသသ ထင်ရှား၏။ ထို့ကြောင့် အမှတ် ကျဲသွားသည် လျှောကျ သွားသည် ဟုထင်ရ၏။ အမှန်အားဖြင့်လည်း ဥဒယဗ္ဗယ ဥာဏ်သို့ ပြန်ရောက် နေပြီဖြစ်၍ လျောကျသည် မှန်ပေ၏။ ထိုဥာဏ်သည် ဥဒယဗ္ဗယဥာဏ် ဖြစ်သောကြောင့် အလင်းရောင်နှင့် ပုံသဏ္ဍာန် အာရုံများကိုလည်း တွေ့ရတတ်၏။ အချို့မှာ ဒုက္ခ ဝေဒနာ ကလေးများ ကိုလည်း တစ်ခဏမျှ တွေ့ရတတ်၏။ အများ အားဖြင့်ကား အလွန်ကြည်လင်သော စိတ်များ အဆက်ဆက် ဖြစ်ပေါ်လျက် ရှိတတ်၏။ ထိုအခါမှာ ဟင်းလင်းပြင်၌ စိတ်တကိုယ်တည်း တည်နေရသလိုပင် ဟာတာ ရှင်းတင်းကြီး ဖြစ်လျက် အလွန်ချမ်းသာ၏။ အလွန်နေကောင်း၏။ ထိုစိတ် များကိုလည်း မမှတ်နိုင်။ မှတ်သော်လည်း ပိုင်းပိုင်းခြားခြား မသိနိုင်၊ တခြားကိုလည်း စိတ်မကူးလို၊ စိတ်ကူး၍လည်း မဖြစ်နိုင်ဘဲ ကြည်လင် ချမ်းသာ လျက်သာ ရှိတတ်သည်။ ကြည်လင်သော ထိုစိတ်များ အားနည်းသွားသော အခါ၌ ဆက်၍ မှတ်လျင် အဖြစ်အပျက်ကို ရှင်းလင်းစွာ သိ၏။ အတန်ကြာလျှင် အသိမ်မွေ့ဆုံး အကောင်းဆုံး မှတ်သိမှုသို့ တဖန် ပြန်၍ရောက်တတ်၏။ ထိုအခါမှာ ဥာဏ်အားကောင်းလျှင် သင်္ခါရငြိမ်းတဲ့ သဘောသို့ ရှေးကလိုပင် ဆိုက်ရောက်သွား တတ်၏။ သမာဓိဥာဏ် ထက်သန်လျှင် ဤနည်းဖြင့် ခဏခဏလည်း ဆိုက်ရောက်တတ်၏။ ယခုကာလ ပုဂ္ဂိုလ်များမှာ ပထမ မဂ်ဖိုလ်ကိုရရန်သာ အဓိက ရည်ရွယ်ချက် ရှိသောကြောင့် ရောက်ပြီးသော ပထမဖိုလ်သို့သာလျှင် ထပ်ကာထပ်ကာ ရောက်ခြင်းပေတည်း။
ဤသည်ကား သောတာပတ္တိဖိုလ်သို့ ရောက်ပြီးသည့် တိုင်အောင် အားထုတ်ပုံ မှတ်စဉ်နှင့် ဥာဏ်ဖြင့် တွေ့မြင်ပုံပေတည်း။
သာဓု၊ သာဓု၊ သာဓု
@@@ Credit : ခန္ဓာ-၅ပါးတစ်ဦး
Credit : Original uploader